တနင်္သာရီတိုင်းဒေသကြီး ဝန်ကြီးချုပ်ဒေါက်တာလဲ့လဲ့မော်နှင့် ကုမ္ပဏီအရာရှိများကို အဂတိလိုက်စားမှုတိုက်ဖျက်ရေးဥပဒေဖြင့် အမှုဖွင့်လှစ် အရေးယူ

...

တနင်္သာရီတိုင်းဒေသကြီး ဝန်ကြီးချုပ်ဒေါက်တာလဲ့လဲ့မော်နှင့် ကုမ္ပဏီအရာရှိများကို အဂတိလိုက်စားမှုတိုက်ဖျက်ရေးဥပဒေဖြင့် အမှုဖွင့်လှစ် အရေးယူ

The Global New Light of Myanmar, 11 Mar 2019

URL: http://www.globalnewlightofmyanmar.com/taninthayi-chief-minister-three-company-officials-face-corruption-charges/
တနင်္သာရီတိုင်းဒေသကြီး ဝန်ကြီးချုပ်ဒေါက်တာလဲ့လဲ့မော်အပေါ် အဂတိလိုက်စားမှုများ ကျူးလွန်ကြောင်း တိုင်ကြားစာများနှင့်စပ်လျဉ်း၍ ကော်မရှင်က စုံစမ်းစစ်ဆေးရေးအဖွဲ့ ဖွဲ့စည်း၍ စစ်ဆေးခဲ့သည်။

စုံစမ်းစစ်ဆေးရေးအဖွဲ့သည် ဖေဖော်ဝါရီလ ၄ ရက်မှ ၆ ရက်အထိ နေပြည်တော်၊ ရန်ကုန်နှင့် ထားဝယ်မြို့နယ်များတွင် စုံစမ်းစစ်ဆေးရေးလုပ်ငန်းများ ဆောင်ရွက်ခဲ့သည်။

စုံစမ်းစစ်ဆေးရေးအဖွဲ့၏ စစ်ဆေးဖော်ထုတ်ချက်များအရ ၂၀၁၆ ခုနှစ် ဧပြီလတွင် မဟာသင်္ကြန်ပွဲတော်ဗဟိုမဏ္ဍပ်တည်ဆောင်ရေးလုပ်ငန်း၊ ၂၀၁၆ ခုနှစ် နိုဝင်ဘာလတွင် ထားဝယ်တက္ကသိုလ်ဝင်းအတွင်း ချုံနွယ်ရှင်းလင်းခြင်းလုပ်ငန်း၊ ထားဝယ်လေယာဉ်ကွင်း အပြင်ဘက် ချုံနွယ်ရှင်းလင်းခြင်းလုပ်ငန်းများအတွက် တိုင်းဒေသကြီးအစိုးရအဖွဲ့က ထိုက်သင့်သည့် တန်ဖိုးမပေးဘဲ F-22 Sunny Construction Co. Ltd သို့ တာဝန်ပေးဆောင်ရွက်စေခဲ့ပြီး မကြာမီ ၂၀၁၆ ခုနှစ် ဒီဇင်ဘာလ ၁၅ ရက်တွင် တင်ဒါခေါ်ယူခြင်း၊ အစိုးရအဖွဲ့အစည်းအဝေး၌ အတည်ပြုဆုံးဖြတ်ခြင်းတို့မရှိဘဲ ထားဝယ်လေယာဉ်ကွင်းအတွင်း ချုံနွယ် ရှင်းလင်းခြင်းလုပ်ငန်းတစ်ခုတည်းကို ခွင့်ပြုငွေကျပ်သိန်း ၄၀၀၀ ဖြင့် ဝန်ကြီးချုပ်ရာထူး၏ တာဝန်ကို အလွဲသုံးစားပြု၍ F-22 Sunny Construction Co. Ltd သို့ တိုက်ရိုက်ခွင့်ပြုဆောင်ရွက်စေခြင်းသည် တံစိုး လက်ဆောင်ကို အဖွဲ့အစည်းအတွက် ရယူခြင်းဖြစ်ကြောင်းနှင့် တွက်ချက်မှုအရ နိုင်ငံတော်ဘဏ္ဍာငွေများ နစ်နာဆုံးရှုံးရကြောင်း၊ဝန်ကြီးချုပ်ဒေါက်တာလဲ့လဲ့မော်သည် ဘဏ္ဍာရေးဆိုင်ရာစည်းမျဉ်းများ၊ ပြည် ထောင်စုအစိုးရအဖွဲ့၏ ညွှန်ကြားချက်များနှင့်အညီ ဆောင်ရွက်ခြင်းမရှိဘဲ လမ်းဦးစီးဌာနသို့ တစ်လုံးတစ်ခဲတည်းငွေကျပ် ၁ ဒသမ ၉ ဘီလီယံခန့် ထုတ်ယူရန် အခွင့်အရေးပေးအပ်ခဲ့ပြီး ၂၀၁၈ ခုနှစ် အောက်တို ဘာလခန့်တွင် တိုင်းဒေသကြီးလမ်းဦးစီးဌာနမှ ညွှန်ကြားရေးမှူးအားသူ၏ခင်ပွန်းဦးထွန်းမင်းက ဦးမြင့်ဟိုအမည်ဖြင့် ဝယ်ယူထားသော ထားဝယ်မြို့ ဆေးရုံးလမ်းနှင့် ဂေါ်သဇင်လမ်းထောင့်ရှိ အိမ်အမှတ်(၁၀၆၈) နှင့် (၁၀၇၀)မြေကွက်နှစ်ကွက်ကို အုတ်ခြံစည်းရိုး ကာရံပေးရန် စေခိုင်းခဲ့ရာ ငွေကျပ်သိန်း ၁၄၀ ကျော်ကုန်ကျခဲ့ပြီး သူ့အားစုံစမ်းစစ်ဆေးသည့်အခါမှ ယင်းငွေကို ပြန်လည်ပေးချေကြောင်း စစ်ဆေးပေါ် ပေါက်ခဲ့ သဖြင့် ထိုက်သင့်သည့် တန်ဖိုးပေးချေခြင်းမရှိဘဲ အုတ်ခြံစည်းရိုးကာရံပေးစေခြင်းဖြင့် တံစိုးလက်ဆောင်အဖြစ် ရယူခဲ့ကြောင်း၊ တနင်္သာရီတိုင်းဒေသကြီး ဝန်ကြီးချုပ် ဒေါက်တာလဲ့လဲ့မော် သည် ၎င်း၏မိသားစု ပိုင်ဆိုင်သည့် သရက်ချောင်းမြို့နယ် မြို့မရပ် မြိတ်-ထားဝယ် ကားလမ်း၊အိမ်အမှတ်(၆)ရှိ နှစ်ထပ်နေအိမ်နှင့် ဝိုင်းမြေကို ကာလတန်ဖိုးငွေကျပ်သိန်း ၃၂၀ ကျော်ခန့်သာ တန်ဖိုးရှိသော်လည်း ငွေကျပ်သိန်း ၂၀၀၀ ဖြင့် GGS ကုမ္ပဏီသို့ ရောင်းချခဲ့ကြောင်း ၊ GGS ကုမ္ပဏီအား သရက်ချောင်း ငါးလေလံစျေးတည်ဆောက်ခြင်း၊ ထားဝယ်ခရိုင်လျှပ်စစ်ဓာတ်အား ထုတ်လုပ်ဖြန့်ဖြူးခြင်း၊ ထားဝယ်မြို့ခြင်းလုံးစက်ရုံ တည်ဆောက် ခြင်း၊ ပုလောမြို့ မြို့တော်ခန်းမ တည်ဆောက်ခြင်း၊ ထားဝယ်နှင့် မြိတ်တွင် ခြောက်ခန်းတွဲ လေးထပ်တန်ဖိုးနည်း အငှားအိမ်ရာလေးလုံးတည်ဆောက်ခြင်း၊ နေပြည်တော်တွင် တန်သာရီတိုင်းဧည့်ရိပ်သာနှင့် ဝန် ထမ်းအိမ်ရာဆောက်လုပ်ခြင်းလုပ်ငန်းများကို လုပ်ကိုင်ခွင့်ပြုခြင်းဖြင့် အခွင့်အရေးပေးခဲ့ကြောင်း၊ နေအိမ်ကို ဝယ်ယူသူ ဦးသူရအုံသည် GGS ကုမ္ပဏီနှင့် အကျိုးစီးပွားဆက်စပ် ဆောင်ရွက်သူဖြစ်ပြီး ကုမ္ပဏီ အထွေထွေမန်နေဂျာဖြစ်ကြောင်း၊ GGS ကုမ္ပဏီမှ တာဝန်ရှိသူများဖြစ်သော ဦးသိန်ထွေး၊ ဦးအောင်မြတ်နှင့် ဦးသူရအုံတို့သည် အိမ်နှင့်မြေကို ကာလတန်ဖိုးထက် ခြောက်ဆခန့် ပိုသည့်တန်ဖိုးဖြင့် စျေးပိုပေး၍ ဝယ်ယူခဲ့ပြီး အကျိုးအမြတ်ရရှိမည့်လုပ်ငန်းများ လုပ်ကိုင်ခွင့်ရရှိခဲ့ကြကြောင်း၊ တနင်္သာရီတိုင်းဒေသကြီး ထားဝယ်ခရိုင်အတွင်း လျှပ်စစ်ဓာတ်အား ထုတ်လုပ်ရောင်းချခြင်းဆိုင်ရာ သဘောတူစာချုပ်ကို ၂၀၁၆ ခုနှစ် ဒီဇင်ဘာ ၆ ရက်တွင် ချုပ်ဆိုခဲ့ပြီး လုပ်ကိုင်ခွင့်ပြုသူနေရာတွင် တိုင်းအစိုးရအဖွဲ့ကိုယ်စား အတွင်းရေးမှူးနှင့် လုပ်ကိုင်ခွင့်ရသူနေရာတွင် GGS ကုမ္ပဏီကိုယ်စား ဦးသိန်းထွေးတို့ လက်မှတ်ရေး ထိုးခဲ့ကြ ကြောင်း၊ စာချုပ်ပါစည်းကမ်းချက်များအတိုင်း အကောင်အထည်ဖော်ရေး ကြီးကြပ်ရန် ပျက်ကွက်သဖြင့် စည်းမျဉ်းစည်းကမ်း လုပ်ထုံးလုပ်နည်းများကို ဖောက်ဖျက်ရာရောက်ကြောင်း၊ ၂၁၁၇ ခုနှစ် ဇူလိုင် ၁ ရက်မှစ၍ စစ်ဆေးသည့် အချိန်အထိ သဘာဝဓာတ်ငွေ့ ကျပ်သန်း ၈၀၀၀ ကျော်ကို ပေးချေရန် တာဝန်ရှိသည့် GGS ကုမ္ပဏီဘက်မှ ပေးချေရန် ပျက်ကွက်နေကြောင်း၊ လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာနမှ စိုက် ထုတ်ကုန်ကျခံခဲ့ရသဖြင့် နိုင်ငံတော်ဘဏ္ဍာငွေများ ထိခိုက်နစ်နာဆုံးရှုံးမှုရှိကြောင်း ပေါ်ပေါက်မှုအပေါ် အဆိုပါ လုပ်ငန်းစဉ်တွင် ပါဝင်ခဲ့သည့် တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် GGS ကုမ္ပဏီမှ ဦးသိန်းထွေး နှင့် ဦးအောင်မြတ်တို့သည် အဂတိလိုက်စားမှုဖြင့် ငြိစွန်းကြောင်း တွေ့ရှိရသည်။

သို့ဖြစ်၍ စုံစမ်းစစ်ဆေးရေးအဖွဲ့၏ စစ်ဆေးတွေ့ရှိချက်များအရ တနင်္သာရီတိုင်းဒေသကြီး ဝန်ကြီးချုပ် ဒေါက်တာလဲ့လဲ့မော်အား အဂတိလိုက်စားမှုတိုက်ဖျက်ရေးဥပဒေပုဒ်မ ၅၅ အရသော်လည်းကောင်း၊ GGS ကုမ္ပဏီမှ မန်နေဂျင်းဒါရိုက်တာ ဦးသိန်းထွေး၊ ဒါရိုက်တာ ဦးအောင်မြတ်နှင့် ဦးသူရအုံတို့အား အဂတိလိုက်စားမှုတိုက်ဖျက်ရေးဥပဒေပုဒ်မ ၅၅/၆၃ အရလည်းကောင်း သီးခြားပြစ်မှုများအတွက် သီးခြား စွဲချက်များဖြင့် အမှုလေးမှုခွဲ၍ အရေးယူဆောင်ရွက်ရန် ထားဝယ်မြို့ မြို့မရဲစခန်း၌ယနေ့ရက်စွဲဖြင့် ပထမသတင်းပေး တိုင်ကြားချက်ဖွင့်လှစ်ပြီး တရားစွဲဆို အရေးယူနိုင်ရေး ဆောင်ရွက်လျှက်ရှိကြောင်း အဂတိ လိုက်စားမှု တိုက်ဖျက်ရေးကော်မရှင်မှ သတင်းရရှိသည်။