မွန်စာပေသင်တန်းများ ပြည်နယ် ၂ ခုနှင့် တိုင်းဒေသကြီး ၄ ခုတွင် ဖွင့်လှစ်

...

မွန်စာပေသင်တန်းများ ပြည်နယ် ၂ ခုနှင့် တိုင်းဒေသကြီး ၄ ခုတွင် ဖွင့်လှစ်

Network Media Group, 01 Apr 2019

URL: https://www.bnionline.net/en/news/interest-learning-mon-grows
နွေရာသီ မွန်စာသင်ကြားမှုသင်တန်းကို ပြည်နယ် ၂ ခုနှင့် တိုင်းဒေသကြီး ၄ ခုတွင် ဖွင့်လှစ်သင်ကြားပေး နေပြီဟု မွန်စာပေနှင့် ယဉ်ကျေးမှုကော်မတီက ပြောသည်။

မွန်ပြည်နယ်အတွင်းတွင် သာမက မွန်လူမျိုးများနေထိုင်ရာ ကရင်ပြည်နယ်နှင့် တိုင်းဒေသကြီးများဖြစ်ကြသည့် တနင်္သာရီ တိုင်း၊ ပဲခူးတိုင်း၊ ရန်ကုန်တိုင်းနှင့် မန္တလေးတိုင်းတို့မှ မြို့နယ် ၁၈ မြို့နယ်တို့တွင် မတ်လ ပထမအပတ်မှစတင်ကာ ဖွင့်လှစ် သင်ကြားပေးနေပြီး ဖြစ်သည်။

နွေရာသီ မွန်စာသင်ကြားမှုသင်တန်းကို မွန်လူမျိုးတို့၏ စာပေ၊ စကား၊ ယဉ်ကျေးမှု၊ ရိုးရာဓလေ့ ထုံးတမ်းအစဉ် အလာများ တည်တံ့အောင်ထိန်းသိမ်းစောင့်ရှောက်မြှင့်တင်ပေးစေလို သည့် ရည်ရွယ်ချက်ဖြင့် နှစ်စဉ်နှစ်တိုင်း ဖွင့်လှစ်သင်ကြား ပေးလျက်ရှိသည်။

“ဒီနှစ်မှာတော့ နွေရာသီ မွန်စာပေနဲ့ ယဉ်ကျေးမှုသင်တန်းကျောင်းကို မြို့နယ် ၁၈ မြို့နယ်မှာ သင်ကြားသွားမယ်၊ တချို့ဖွင့်နေပြီး တချို့ကတော့ သြင်္ကန်လွန်မှ ဖွင့်တာလည်းရှိတယ်၊ သြင်္ကန်လွန်မှ ဖွင့်တဲ့ကျောင်းတွေက သင်ကြား ချိန် တစ်လလောက်ပဲရတယ်” ဟု မွန်စာပေနှင့် ယဉ်ကျေးမှုကော်မတီ ဥက္ကဌ ဒေါက်တာမင်းကြည်ဝင်း က ပြောသည်။

မွန်စာကို သင်ကြားရန် စိတ်ဝင်စားမှုများပြားလာသည့်အတွက် နွေရာသီမွန်စာသင်ကြားမှုသင်တန်းကို ယခင်နှစ်များထက် စိတ်ဝင် စားသူ ပိုများသည်ဟု မွန်ဒေသလုံးဆိုင်ရာ မွန်စာပေနှင့် ဗုဒ္ဓ ဘာသာယဉ်ကျေးမှုအဖွဲ့ အတွင်းရေးမှူး နိုင်မွန်ရာဇာ က ပြောသည်။

“ကျောင်းသူ/သားတွေရဲ့ အနေအထားက တနှစ်ထက်တနှစ်ကို ပိုပြီးတော့ များလာတယ်၊ ဒီနှစ်လည်း ကျောင်းသူ ကျောင်းသားတွေ ပိုတိုးလာဖို့ရှိတယ်” ဟု နိုင်မွန်ရာဇာ က ပြောသည်။

နွေရာသီ မွန်စာသင်ကြားမှုသင်တန်းကို သံဃာတော်များကသာ သင်ကြားပေးကြသည့်အတွက် တစ်နှစ်ထက် တစ်နှစ် ပိုများလာနေသည့် ကျောင်းသူ/ကျောင်းသားများကြောင့် ယခုနှစ်တွင် မွန်စာဘာသာရပ် သင်ကြားပေးမည့် ဆရာအခက်အခဲများ ရှိနေသည်ဟုလည်း ဆက်ပြောသည်။

လွတ်လပ်ရေးရရှိပြီးစ ဦးနု အစိုးရလက်ထက်က အစိုးရကျောင်းတွေမှာ မွန်စာပေကို တရားဝင် သင်ကြားခွင့် ပေးခဲ့သော်လည်း မြန်မာ့ဆိုရှယ်လစ် လမ်းစဉ်ပါတီ (မဆလ) အစိုးရလက်ထက် ၁၉၆၂ ခုနှစ်မှစပြီး မွန်စာပေကို တရားဝင် သင်ကြားခွင့် မရရှိတော့ဘဲ ကျောင်းအချို့တွင်သာ နားလည်မှုဖြင့် အချိန်ပိုင်း သင်ကြားခွင့် ရရှိခဲ့သည်။

၁၉၈၈ ခုနှစ်နောက်ပိုင်းတွင် မွန်စာသင်ကြားခွင့်ကို လုံးဝ ပိတ်ပင်ခံခဲ့ရကာ နောက်ပိုင်းတွင် မွန်စာကို နွေရာသီ အချိန်တွင် ဘုန်းတော်ကြီးကျောင်းတွေ အစိုးရစာသင်ကျောင်းတွေမှာ သံဃာတော်တို့က သင်ကြားပေးလာခဲ့ ခြင်းဖြစ်သည်။

တဖန် ဦးသိန်းစိန်အစိုးရလက်ထက် ၂၀၁၀ နောက်ပိုင်းကာလတွင် အစိုးကျောင်းတွေမှာ မွန်စာ သင်ကြားခွင့် ပြန်လည်ရရှိလာခဲ့ခြင်း ဖြစ်သည်။