အရေပြားအောက် ထည့်သွင်းရသည့် သန္ဓေတားဆေးအသစ် စတင်မိတ်ဆက်

...

အရေပြားအောက် ထည့်သွင်းရသည့် သန္ဓေတားဆေးအသစ် စတင်မိတ်ဆက်

Myanmar Times, 29 Jun 2017

URL: http://www.mmtimes.com/index.php/national-news/yangon/26587-new-diy-contraceptive-now-available-in-myanmar.html
ကိုယ်တိုင်ထိုးသွင်း အသုံးပြုနိုင်သော အရေပြားအောက်ထိုးသည့် သန္ဓေတားဆေးကို ဇွန်လ ၂၇ ရက်နေ့က စတင်မိတ်ဆက်ခဲ့ပြီး အမျိုးသမီးများ ကိုယ်တိုင် အသုံးပြုတတ်စေရန် ကျန်းမာရေးဝန်ထမ်းများက
လေ့ကျင့်သင်ကြားပေးသွားမည်ဖြစ်ကြောင်း ကုလသမဂ္ဂလူဦးရေရန်ပုံငွေအဖွဲ့(UNFPA)က သတင်းထုတ်ပြန်သည်။

ပထမအဆင့်အနေဖြင့် မြို့နယ် ၆၀ မှ သားဖွားဆရာမ အယောက် ၃၀၀၀ ကို အဆိုပါသန္ဓေတားဆေးအသုံးပြုနည်းကို သင်တန်းပေးသွားမည်ဖြစ်ကာ သန္ဓေတားဆေးအသုံးပြုမည့် အမျိုးသမီးများအတွက် လို
အပ်သည့် အကူအညီများပေးနိုင်ရန် စီစဉ်ပေးသွားမည်ဖြစ်မည်ဖြစ်သည်။

အဆိုပါစီမံချက်ကို ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနနှင့် ကုလသမဂ္ဂလူဦးရေရန်ပုံငွေအဖွဲ့မှ ပူးပေါင်းဆောင်ရွက်ခြင်းဖြစ်ပြီး ၂၀၁၇-၁၈ခုနှစ်အတွင်း အမျိုးသမီး နှစ်သိန်းကျော်ကို လွှမ်းခြုံပေးနိုင်ရန်
ရည်မှန်းထားသည်ဟု UNFPA ကထုတ်ပြန်ထားသည်။

စီမံချက်အတွက် အမေရိကန်ဒေါ်လာတစ်သန်းကျော် ကူညီထောက်ပံ့သွားမည်ဖြစ်ကာ သန္ဓေတားဆေးကို ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနမှ သင်တန်းရယူထားသည့် ရပ်ရွာအခြေစိုက် အရန်သားဖွားဆ
ရာများမှတဆင့် အခမဲ့ရရှိနိုင်ရန် စီစဉ်ထားပြီး အစိုးရက ထိန်းချုပ်မထားသောဒေသများရှိ အမျိုးသမီးများနှင့် အိုးအိမ်စွန့်ခွာလာရသော အမျိုးသမီးများအတွက် လက်လှမ်းမီနိုင်ရန် ဒေသခံကျန်းမာရေးအဖွဲ့အ
စည်းများ ၊ Marie Stopes International ၊ Population Services International စသည့် အဖွဲ့အစည်းများနှင့် အခြားသောအစိုးရမဟုတ်သည့်အဖွဲ့အစည်းများ၏ အကူအညီဖြင့် ဆောင်ရွက်သွားမည်ဖြစ်သည်။

အရေပြားအောက် ထိုးသွင်းအသုံးပြုသည့် အဆိုပါသန္ဓေတားဆေးသည် သုံးလခံတားဆေးဖြစ်ပြီး အမှန်တကယ်လိုအပ်နေသော ဝေးလံခေါင်ဖျားဒေသနှင့် ပဋိပက္ခဖြစ်ပွားရာဒေသများတွင် နေထိုင်သောအမျိုး
သမီးများ၊ ချင်း ၊ ကချင်၊ မွန် ၊ ရခိုင်နှင့် ရှမ်းပြည်နယ်တို့ရှိ အိုးအိမ်စွန့်ခွာရှောင်တိမ်းနေထိုင်ကြသည့် အမျိုးသမီးများလက်လှမ်းမီ ရရှိစေရန်ဦးတည်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း UNFPA ကထုတ်ပြန်သည်။

အဆိုပါအရေပြားအောက်ထိုးသွင်းရသည့် သန္ဓေတားနည်းလမ်းသည် အမျိုးသမီးများကိုယ်တိုင်မိမိအိမ်တွင်ပင် လက်မောင်း သို့မဟုတ် ပေါင်အရှေ့ဘက် သို့မဟုတ် ဝမ်းဗိုက်အတွင်းထိုးသွင်းကာ အသုံးပြုနိုင်
မည်ဖြစ်သည်။

ကုလသမဂ္ဂလူဦးရေရန်ပုံငွေအဖွဲ့၏ မြန်မာနိုင်ငံဌာနေကိုယ်စားလှယ် မစ္စဂျဲနက်ဂျက်ဆင်က " အရေပြားအောက်ထိုးသွင်းနိုင်တဲ့ သန္ဓေတားဆေးတွေကြောင့် မြန်မာအမျိုးသမီးတွေအတွက် ရင်သွေးတွေကို ဘယ်
အချိန်မှာ ဘယ်လောက်အရေအတွက်အထိ ရယူမယ်ဆိုတာမျိုးလို ကိုယ်နဲ့သက်ဆိုင်တဲ့ အရေးကိစ္စတွေမှာ ကိုယ်တိုင်ဆုံးဖြတ်လုပ်ဆောင်နိုင်ကြတော့မှာဖြစ်ပါတယ်" ဟု ထုတ်ပြန်ချက်တွင် ထည့်သွင်းပြောကြား
ထားသည်။

အဆိုပါသန္ဓေတားခြင်းနည်းလမ်းဖြင့် ဆန္ဒမရှိဘဲ ကိုယ်ဝန်ဆောင်ရခြင်းကိုရှောင်ရှားစေနိုင်ခြင်း ၊ မိမိလိုချင်သည့်အချိန်တွင် ရင်သွေးရယူစေနိုင်ခြင်းအားဖြင့် မြန်မာနိုင်ငံမိသားစုစီမံကိန်းကို တဖက်တလမ်းမှ
အထောက်အကူပြုရန် ရည်ရွယ်သည်ဟု ဆိုသည်။

မိသားစုစီမံကိန်းချမှတ်ဆောင်ရွက်ခြင်းသည် အန္တရယ်ရှိသည့် ကိုယ်ဝန်ဆောင်မိခင်သေဆုံးနှုန်းကိုလည်း လျော့ချပေးနိုင်မည်ဖြစ်ကာ ၂၀၁၄ခုနှစ် လူဦးရေနှင့် အိမ်ထောင်စုအကြောင်းအရာဆိုင်ရာသန်းခေါင်စာ
ရင်းကို အခြေခံထုတ်ပြန်သည့်စစ်တမ်းအရ နှစ်စဉ်မြန်မာအမျိုးသမီး ၂၈၀၀ ဦးသည် ကိုယ်ဝန်ဆောင်ချိန်နှင့် ကလေးမွေးဖွားစဉ် ကိုယ်ဝန်ဖျက်ချရခြင်းကြောင့်အပါအဝင်အခြားသောအကြောင်းအမျိုးမျိုးကြောင့်
သေဆုံးနေရသည်။

မြန်မာနိုင်ငံတွင် ကိုယ်ဝန်ဆောင်စဉ် အမျိုးသမီးများ သေဆုံးရခြင်းအကြောင်းအရင်းများအနက် ကိုယ်ဝန်ဖျက်ချခြင်းသည် တတိယသေဆုံးမှု အများဆုံးသော အကြောင်းအရာဖြစ်နေပြီး အမျိုးသမီးခြောက်ဦးတွင်
တစ်ဦးက သန္ဓေတားလိုပြီး သန္ဓေတားခြင်းနည်းလမ်းများကို လက်လှမ်းမမီသောကြောင့် မလိုလားသည့် ကိုယ်ဝန်ဆောင်ရခြင်းများ ကြုံတွေ့နေရသည်ဟု UNFPA ၏ ထုတ်ပြန်ချက်က ဆိုသည်။