အုပ်ချုပ်ရေးမှူးများ ပြန်ရွေးကောက်ခြင်းကိစ္စ ညှိနှိုင်းပြီးမှ ဆက်လက်လုပ်ဆောင်ရန် KNU စာထုတ်

...

အုပ်ချုပ်ရေးမှူးများ ပြန်ရွေးကောက်ခြင်းကိစ္စ ညှိနှိုင်းပြီးမှ ဆက်လက်လုပ်ဆောင်ရန် KNU စာထုတ်

Burma News International, 02 Jan 2018

URL: https://www.bnionline.net/en/news/knu-calls-negotiation-electing-new-village-administrators
ကရင်ပြည်နယ်၊ ကြာအင်းဆိပ်ကြီးမြို့နယ် ကျေးရွာအုပ်ချုပ်ရေးမှူးအသစ် ပြန်လည်ရွေးချယ်မည့်ကိစ္စအပေါ် အထက်သို့ ညှိနှိုင်းဆောင်ရွက်ပြီးမှသာ ဆက်လုပ်ဆောင်ရန် ကေအဲန်ယူ-ကရင်
အမျိုးသားအစည်းအရုံး၊ ဒူးပလာယာခရိုင် ၊ ဝင်းရေးမြို့နယ်မှ ဒီဇင်ဘာ ၂၉ ရက်နေ့တွင် အသိပေးစာတစ်စောင် ထုတ်ပြန်လိုက်သည်။

KNU ခရိုင်၊ဗဟိုမှ ကျေးရွာအုပ်ချုပ်ရေးမှူးအသစ် ရွေးချယ်မည့်ကိစ္စနှင့်ပတ်သတ်၍ ပူးပေါင်းဆောင်ရွက်ရန် ညွှန်ကြားချက်မထုတ်ပြန်သေးသည့်အပေါ် ညှိနှိုင်းဆောင်ရွက်ရန် ယခုလိုအသိပေး အကြောင်းကြားခြင်းဖြစ်သည်ဟု KNU ဝင်းရေးမြို့နယ်ဥက္ကဌ ပဒိုစောမောင်ရွှေက ဒီဇင်ဘာ ၃၀ရက်နေ့တွင် ကေအိုင်စီသို့ ပြောသည်။

NCA သဘောတူညီချက် အပိုဒ်(၂၅) အပိုဒ်ခွဲ(ဂ)အရ နှစ်ဖက်ပူးပေါင်းဆောင်ရွက်ရန် ပါရှိသော်လည်း မိမိတို့နှင့် တိုင်ပင်ဆွေးနွေးမှုမရှိသည့်အပြင် မည်သို့ ပူးပေါင်းဆောင်ရွက်ရန် ဗဟိုမှ လမ်း
ညွှန်ချက်မရှိသေးသလို ရပ်ကျေးအုပ်ချုပ်ရေးမှူး ရွေးကောင်တင်မြှောက်ခြင်းကိစ္စလုပ်နည်းလုပ်ဟန် အမှားများ မဖြစ်စေရန်နှင့် ငြိမ်းချမ်းရေးပန်းတိုင်ဆီကို အတူလက်တွဲလျှောက်လှမ်းနိုင်ရေး
ညှိနှိုင်းပြီးမှသာ ဆက်လက်ဆောင်ရွက်ရန် KNU ဝင်းရေးမြို့နယ် အသိပေးအကြောင်းကြားစာတွင် ဖော်ပြထားသည်။

ကြာအင်းဆိပ်ကြီးမြို့နယ်တွင် အစိုးရမှ ရွေးကောက်တင်မြှောက်ထားသည့် ကျေးရွာအုပ်စုအုပ်ချုပ်ရေးမှူးနှင့် KNU နှင့် မွန်ပြည်သစ်ပါတီထိန်းချုပ်နယ်မြေများတွင် ၎င်းတို့အဖွဲ့မှ ရွေးကောက်
တင်မြှောက်ထားသည့် ကျေးရွာအုပ်စုမှူးရှိပြီး တရားဥပဒေနှင့် လူမှုစီးပွားရေးရာကိစ္စရပ်များတွင် ဒေသခံများအကြား သဘောထားကွဲလွဲမှုများရှိသည့်အတွက် တာဝန်ရှိသူများအချင်းချင်း ညှိနှိုင်း
ပေါင်းစပ်ပြီးမှသာ ဆောင်ရွက်စေချင်သည်ဟု ဝင်းရော်ဒေသခံဖြစ်သူ စောယောင့်သာအဲဆန်က ကေအိုင်စီသို့ပြောသည်။

ကြာအင်းဆိပ်ကြီးမြို့နယ်တွင် ကျေးရွာ ၅၁ အုပ်စုမှ ၄၉ အုပ်စုမှာ ကျေးရွာအုပ်ချုပ်ရေးမှူးအသစ်ရွေးချယ်နိုင်ရန် ကြီးကြပ်ရေးအဖွဲ့များ ဖွဲ့စည်းခဲ့ပြီး လာမည့်ဇန်နဝါရီလအတွင်း အပြီးသတ်ရွေး
ချယ်သွားရန်ရှိသည်ဟု မြို့နယ်တာဝန်ရှိသူထံမှ သိရသည်။