ရခိုင်ပြည်နယ်ရှိ တပ်သိမ်းမြေ ဧက ၃၀၀ ကျော်ကို ပြန်ပေး

...

ရခိုင်ပြည်နယ်ရှိ တပ်သိမ်းမြေ ဧက ၃၀၀ ကျော်ကို ပြန်ပေး

The Irrawaddy, 15 Oct 2018

URL: https://www.irrawaddy.com/news/burma/military-returns-land-seized-rakhine-state.html
ရခိုင်ပြည်နယ်၊ အမ်းမြို့နယ်တွင် တပ်ရိက္ခာဖူလုံရေး အကြောင်းပြချက်ဖြင့် သိမ်းယူထားသည့် မြေဧက ၃၀၀.၁၈ ဧကကို မူလပိုင်ရှင် များထံသို့ နိုင်ငံတော် အစိုးရမှ တဆင့် တပ်မတော်က ပြန်လည် ပေးအပ် လိုက်ပြီ ဖြစ်ကြောင်း သတင်းရရှိသည်။

အမ်းမြို့နယ် ပြည်နယ် လွှတ်တော်ကိုယ်စားလှယ် ဦးခင်မောင် ဌေး က “တပ်ကနေပြီးတော့ ဧက ၃၀၀.၁၈ ဧကကို နိုင်ငံတော်ကို ပြန်စွန့်လွှတ်တယ်။ နိုင်ငံတော်ကနေပြီးတော့ မူလပိုင်ရှင်တွေ ဆီကို ယာယီ လုပ်ပိုင်ခွင့် လက်မှတ်တွေ ပြန်အပ်ပေးခဲ့တယ်။ အခု အမ်းမှာ တပ်က မြေတွေ ပြန်ပေးတာ ဧက ၅၀၀ ကျော် လောက် ရှိနေပြီ။ ပုံစံ ၃ ယာယီ လုပ်ပိုင်ခွင့် လက်မှတ်တွေ ထုတ် ပေးတာပေါ့” ဟု ဧရာဝတီသို့ ပြောသည်။

လယ်ယာမြေ ဥပဒေအရ မြေသိမ်းဆည်းခံရသူများသည် ၎င်းတို့ ၏ မြေများကို ပြန်လည် ရရှိပါက ချက်ချင်း ပိုင်ဆိုင်ခွင့် အ ထောက်အထားဖြစ်သည့် ပုံစံ ၇ ရရှိခြင်း မရှိဘဲ ယာယီ လုပ်ပိုင် ခွင့်လက်မှတ် ပုံစံ ၃ သာ အရင် ရရှိကြောင်း၊ ယခင်ကိစ္စရပ်များ ရှင်းပြီး မြေရာဇဝင်များနှင့် မြေပိုင်ဆိုင်မှု အထောက်အထားများ ဆက်လက် တင်ပြနိုင်ပါက ပုံစံ ၇ ဆက်လက် ရရှိပြီး အစိုးရချေးငွေလည်း ရရှိလေ့ရှိကြောင်း လွှတ်တော် ကိုယ်စားလှယ်များထံမှ သိရသည်။

အမှတ် ၃၇၃ ခြေမြန် တပ်ရင်းက စွန့်လွှတ်လိုက်သည့် မြေနေရာများသည် လယ်မြေအဖြစ် ချက်ချင်းလုပ်ကိုင်ဆောင်ရွက်၍ မရနိုင် သေးဘဲ ဒီရေရောက် နေရာများ မဖြစ်စေရန် မြေဖို့ခြင်း၊ ဆည်တာတမံ ပြန်လုပ်ခြင်းများဖြင့် ပြုပြင်ရဦးမည် ဖြစ်ကြောင်း၊ တပ် မတော်က သိမ်းယူထားစဉ်က ငါး၊ ပုဇွန်များ မွေးမြူခြင်းတို့ကို ဆောင်ရွက်ခဲ့ကြောင်း ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးခင် မောင်ဌေးက ပြော သည်။

သမ္မတ ဦးဝင်းမြင့်ကမူ သိမ်းဆည်းခံထားရသည့် လယ်ယာမြေနှင့် အခြားမြေများ ကိစ္စများကို ၂၀၁၈ ခုနှစ်၊ ဒီဇင်ဘာလ ၃၁ ရက်နေ့ မတိုင်မီ အပြီးစစ်ဆေးရန် တနိုင်ငံလုံးရှိ ပြည်နယ်နှင့် တိုင်းဒေသကြီး အစိုးရအဖွဲ့ ဝန်ကြီးချုပ်များကို လမ်းညွှန်ချက် ပေးပို့၍ ညွှန်ကြားထားကြောင်း ဧရာဝတီတိုင်း ဝန်ကြီးချုပ်က နေပြည်တော်၌ သတင်းထောက်များနှင့် တွေ့ဆုံစဉ် ပြောဆိုထားသည်။

သို့သော် ယခုလို စစ်ဆေးရာတွင် ၁၉၈၈ ခုနှစ်နောက်ပိုင်း သိမ်းယူခဲ့သည့်မြေယာကိစ္စများကိုသာ စစ်ဆေးသွားမည်ဖြစ်ပြီး ၁၉၈၈ ခုနှစ် ရှေ့ပိုင်းကာလက မြေသိမ်းမှုများ၊ မြန်မာ့ဆိုရှယ်လစ်လမ်းစဉ် ပါတီ ခေတ်က တာဝန်ကျေစပါး မသွင်းနိုင်၍ နိုင်ငံတော်မှ ပြန် လည် သိမ်းယူခဲ့သည့် မြေကိစ္စများ၊ လယ်ယာမြေကို ပေါင်နှံ လုပ်ကိုင်သည့် လယ်ပြန်ငွေပြန်ကိစ္စများနှင့် လယ်ယာမြေ စီမံခန့်ခွဲရေး အဖွဲ့ထံတင်ပြ ထားသည့် မြေယာ အငြင်းပွားသည့် အမှုများ ပါဝင်မည် မဟုတ်ကြောင်း သိရသည်။