ဖွံ့ဖြိုးရေးအစီအစဉ်များကြောင့် ၁၃ မြို့ နယ်ကျော် အကျိုးခံစားရမည့်

...

ဖွံ့ဖြိုးရေးအစီအစဉ်များကြောင့် ၁၃ မြို့ နယ်ကျော် အကျိုးခံစားရမည့်

Myanmar Times, 16 Oct 2018

URL: https://www.mmtimes.com/news/thirteen-more-townships-benefit-development-programme.html
မြန်မာအစိုးရနှင့် ကမ္ဘာ့ဘဏ်သည် မြို့နယ် ၁၃ မြို့နယ်ရှိ ဖွံ့ဖြိုးရေးစီမံကိန်းများကို ရပ်ရွာအခြေပြု ဖွံ့ဖြိုးရေးစီမံကိန်းမှ အပိုရန်ပုံငွေဖြင့် ဆောင်ရွက်မည်ဖြစ်ကြောင်း ကျေးလက်ဖွံ့ဖြိုးရေးဌာန ညွှန်ကြားရေး မှူးချုပ် ဦးခန့်ဇော်က ပြောသည်။

“အပိုရန်ပုံငွေတွေ ရှိပါတယ်။ ဒါကြောင့် မြို့နယ် ၁၃ မြို့နယ်အထိ စီမံကိန်းတိုးချဲ့ဆောင်ရွက်ဖို့ ကျွန်တော်တို့ စီစဉ်နေပါတယ်” ဟု မကြာသေးမီက ကျင်းပသည့် ရပ်ရွာအခြေပြုဖွံ့ဖြိုးရေးအစည်းအဝေးအတွင်း ၎င်းက ပြောကြားခဲ့သည်။ ၂၀၁၃ ခုနှစ်မှစ၍ မြို့နယ် ၆၃ မြို့နယ်ရှိ ကျေးရွာ ၁၂၀၀၀ ရွာသည် ထိုစီမံကိန်းကြောင့် အကျိုးကျေးဇူးများ ခံစားခဲ့သည်။

“ရလဒ်အနေနဲ့ကတော့ အိမ်ထောင်စု ၇.၁ သန်းက စီမံကိန်းရဲ့ အသီးအပွင့်တွေကို ခံစားခဲ့ရပါတယ် ” ဟု စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီး ဦးအောင်သူက ပြောကြားခဲ့သည်။

ရပ်ရွာအခြေပြု ဖွံ့ဖြိုးရေးစီမံကိန်းသည် ကျေးရွာများ၌ အခြေခံအဆောက်အဦးများ တည်ဆောက်ပေးခြင်းနှင့် ပြန်လည်ပြင်ဆင်ပေးခြင်းများ ပြုလုပ်ပေးသည်။ စီမံကိန်းမှတဆင့် မိုင် ၈၀၀၀ ကျော်ရှည်လျား သည့် လမ်းမကြီးနှင့် ကျောင်းအဆောက်အအုံ ၃၄၀၀ ကျော်ကို တည်ဆောက်ပေးခဲ့ပြီး သောက်သုံးရေစနစ် ၃၂၀၀ ကျော်ကို တပ်ဆင်ပေးခဲ့သည်။ ကျေးရွာ ၁၄၀၀ ကျော်သည် လျှပ်စစ်မီး ရရှိခဲ့သည်။ စီမံ ကိန်းသည် တိုင်းရင်းသားလူနည်းစုများရှိရာ နေရာကို ပစ်မှတ်ထားဆောင်ရွက်သည်။

“ရွာမှာလိုအပ်တဲ့ အခြေခံအဆောက်အအုံတွေကို ကျွန်တော်တို့ ရရှိခဲ့ပါတယ်။ ဒေသခံအသိုင်းအဝိုင်းကလည်း အပြည့်အဝ ပူးပေါင်းဆောင်ရွက်ခဲ့ပါတယ် ” ဟု သူက ပြောခဲ့သည်။

စီမံကိန်းအကောင်အထည်ဖော်နေသည့် ၆၃ မြို့နယ်၌ ၂၀ မြို့နယ်သည် ပဋိပက္ခဖြစ်ပွားရာ ဒေသများဖြစ်ကြသည်။

“သူတို့ရဲ့လုံခြုံရေးကို ကျွန်တော်တို့ သေချာလုပ်ပေးပါတယ်။ ဒေသက အဖွဲ့အစည်းရဲ့ ခွင့်ပြုချက်ရယူပြီးမှ ဝင်တာပါ။ ရွာသားတွေက သူတို့ကို လုပ်ပေးစေချင်တယ်ဆိုရင်တော့ ကျွန်တော်တို့ စီမံကိန်းတွေကို ဆက်လက်ဆောင်ရွက်သွားမှာပါ ” ဟု ဦးခန့်ဇော်က ပြောခဲ့သည်။

လူထုစစ်တမ်းကောက်ယူရာတွင် ရွာသားများ၏ ၉၅ ရာခိုင်နှုန်းမှာ စီမံကိန်းအတွက် ဝမ်းမြောက်ကြကြောင်း သိရသည်။

ရပ်ရွာအခြေပြုစီမံကိန်းသည် အီတလီမှ ချေးငွေ ယူအက်စ်ဒေါ်လာ ၂၂ သန်းနှင့် မြန်မာအစိုးရထံမှ ယူအက်ဒ်ဒေါ်လာ သန်း ၃၀ ၊ဘဏ်အကူအညီဖြင့် ယူအက်စ်ဒေါ်လာ သန်း ၈၀၊ ကမ္ဘာ့ဘဏ်မှ ချေးငွေ ယူအက်စ်ဒေါ်လာ သန်း ၄၀၀ အပါအဝင် ငွေကြေး ယူက်စ်ဒေါ်လာသန်း ၅၃၂ သန်းရှိသည်။