စီမံကိန်းများနှင့် ရန်ကုန်မြို့ပြ

...

စီမံကိန်းများနှင့် ရန်ကုန်မြို့ပြ

Myanmar Times, 13 Nov 2018

URL: https://www.mmtimes.com/news/comprehensive-plan-necessary-yangons-sustainable-redevelopment.html
ရန်ကုန်မြို့၏ မြို့ပြဖွံ့ဖြိုးတိုးတက်ရေး၊ သယ်ယူပို့ဆောင်ရေး၊ စီးပွားရေးနှင့် ကုန်သွယ်ရေးကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရန်အတွက် အ ကောင်အထည်ဖော် ဆောင်ရွက်နေသော စီမံကိန်းများ ရှိနေသည်။

တချို့စီမံကိန်းများကို တိုင်းဒေသကြီးအစိုးရအဖွဲ့က ကြီးကြပ် အကောင်အထည်ဖော်နေပြီး အချို့စီမံကိန်းများကို ပြည်ထောင်စုအဆင့်က ဆောင်ရွက်လျက်ရှိသည်။ ယင်းစီမံကိန်းများအတွင်းမှ လာမည့်နှစ် အနည်းငယ်တွင် ရုပ်လုံးပေါ်လာနိုင်သည့် စီမံကိန်းများရှိသကဲ့သို့ အကောင်အထည်ဖော်ရန် ကြိုးပမ်းနေသည်များ လည်းရှိသည်။

ရန်ကုန်တိုင်းဒေသကြီးအတွင်း တည်ဆောက်မည့် မြန်မာ-ကိုရီးယားချစ်ကြည်ရေး ဒလတံတားကိုလည်း ရန်ကုန်မြို့ ဘုန်းကြီးလမ်းနှင့် ဒလမြို့ ဗိုလ်မင်းရောင်လမ်းကို ဆက်သွယ် တည်ဆောက်သွားမည်ဖြစ် သည်။ယင်းဒလတံတားကို ဒီဇင်ဘာ ၁ ရက်တွင် ပန္နက်ရိုက် အခမ်းအနား ကျင်းပပြုလုပ်သွား မည်ဟု ဆောက်လုပ်ရေး ဝန်ကြီးဌာနမှ သိရသည်။

ယင်းတံတား တည်ဆောက်ရေးအတွက် ကိုရီးယား ထုတ်ကုန် သွင်းကုန်ဘဏ်နှင့် ဆောက်လုပ်ရေးဝန်ကြီးဌာနတို့က ယခင် အစိုးရလက်ထက် ၂၀၁၅ ခုနှစ်က လက်မှတ်ရေးထိုးခဲ့ခြင်းဖြစ်သည်။

ရန်ကုန်ဘူတာကြီး ဘက်စုံဖွံ့ဖြိုးတိုးတက်ရေးနှင့် အဆင့်မြှင့် တင်ရေးအတွက် အမေရိကန်ဒေါ်လာ ၂ ဒသမ၅ ဘီလျံတန်ဖိုး ရှိ စီမံကိန်းကို အကောင်အထည်ဖော်မည်ဖြစ်သည်။ အကောင်အထည်ဖော်ခွင့်ကို တရုတ်၊ စင်ကာပူနှင့် မြန်မာနိုင်ငံက ကုမ္ပဏီများ ပေါင်းထားသည့် Central Transport Development Consortium (CTDC)လုပ်ငန်းစုက ရရှိခဲ့သည်။

စီမံကိန်းလုပ်ကိုင်ခွင့်ရ CTDC လုပ်ငန်းစုတွင် ပြည်တွင်း မင်းဓမ္မကုမ္ပဏီက ၄၀ ရာခိုင်နှုန်း၊ စင်ကာပူအခြေစိုက်Oxley ကုမ္ပဏီနှင့် တရုတ်နိုင်ငံက Sino Great Wall ကုမ္ပဏီတို့က ၃၀ ရာခိုင်နှုန်းစီ ပါဝင်ရင်း နှီးမြှုပ်နှံကြမည် ဖြစ်သည်။

ရန်ကုန်တိုင်းဒေသကြီးအတွင်း လမ်းပမ်းဆက်သွယ်မှု ကောင်းမွန်စေရေးအတွက် အထက်တွင်ဖော်ပြခဲ့သည့် စီမံကိန်းများကို ဆောင်ရွက်နေမှုများရှိသကဲ့သို့ စီးပွားရေးနှင့်ကုန်သွယ်မှု ဖွံ့ဖြိုးတိုးတက်ရေးအ တွက် ဆောင်ရွက်နေသည့် စီမံကိန်များလည်းရှိသည်။

ရန်ကုန်တိုင်းဒေသကြီးအစိုးရတွင် လုပ်ဆောင်သွားရန် ရည်မှန်းထားသော အချက်များစွာ ရှိနေသည်။ ယင်းအချက်များတွင် တရားဥပဒေစိုးမိုးရေး၊ မြို့ပြနှင့် ကျေးလက်သောက်သုံးရေ လုံလောက်စွာရရှိရေး၊ သယ်ယူပို့ဆောင်ရေး၊ လမ်းပန်းဆက်သွယ်ရေး ဖွံ့ဖြိုးတိုးတက်ရေး၊ မြို့ပြဖွံ့ဖြိုးတိုးတက်ရေးနှင့် အိမ်ရာစီမံကိန်းများ ဖွံ့ဖြိုးတိုးတက်ရေး၊ မြို့ပြနှင့် ကျေးလက် ကွာခြားမှုနည်းပြီး ဟန်ချက်ညီစေရေး၊ မြို့ဟောင်း နှင့် မြို့သစ်ဧရိယာများကို မြို့တော်အင်္ဂါရပ်နှင့်အညီ အဆင့်မြှင့်တင် ထိန်းသိမ်းဆောင်ရွက်ရေးတို့ ပါဝင် သည်။

ထို့ပြင် စက်မှုထုတ်ကုန်လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရန်၊ အလုပ်အကိုင်အခွင့်အလမ်းများ ဖန်တီးပေးရန်၊ ကုန်သွယ်ရေးကဏ္ဍနှင့် နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှုများ တိုးတက်ရန်၊ ကုန်စည်ကူးသန်းပို့ဆောင်ရေးနှင့် စက်မှုကဏ္ဍဖွံ့ဖြိုးရေး၊ ကျန်းမာရေးနှင့် ပညာရေး ကဏ္ဍများ အခြေခံပြီး ခိုင်မာမှုရှိစေရေး စသည့်အချက်များလည်း ပါဝင်ပြိး တိုင်းဒေသ စုစုပေါင်း အချက် ၁၃ ချက်ရှိသည်ဟု တိုင်းဒေသကြီးအစိုးရထံမှ သိရ သည်။