ထိုင်း-မြန်မာချစ်ကြည်ရေးတံတားနံပါတ်(၂) ဧပြီလတွင် ဖွင့်လှစ်မည်

...

ထိုင်း-မြန်မာချစ်ကြည်ရေးတံတားနံပါတ်(၂) ဧပြီလတွင် ဖွင့်လှစ်မည်

Eleven Myanmar, 23 Feb 2019

URL: https://elevenmyanmar.com/news/myanmar-thai-to-open-no2-friendship-bridge-in-aprilည
ထိုင်း-မြန်မာချစ်ကြည်ရေးတံတား(မြဝတီ-မဲဆောက်)နံပါတ်(၂)ကို ဧပြီလ ပထမအပတ်တွင် ဖွင့်လှစ်မည်ဖြစ်ကြောင်း သတင်းအရင်းအမြစ်များအရ သိရသည်။

တံတားသစ်ဆောက်လုပ်ရခြင်း၏ရည်ရွယ်ချက်မှာ အများပြည်သူများ ခရီးသွားလာမှု အဆင်ပြေချောမွေ့စေရန်ဖြစ်ပြီး ကမ္ဘောဒီးယား၊ လာအို၊ မြန်မာ၊ထိုင်း၊ ဗီယက်နမ်နှင့် တရုတ် စသည်ဖြင့် မဟာမဲခေါင်ဒေသခွဲ အဖွဲ့ဝင် ၆ နိုင်ငံအတွင်း ကုန်ပစ္စည်းများနှင့် ယာဉ်ခရီးသွားလာမှု အဆင်ပြေစေရန်အတွက် ပံ့ပိုးပေးရန်ဖြစ်သည်။

မဲဆောက်မြို့ရှိ သောင်ရင်းမြစ်ကို ဖြတ်ကျော်ကာဆောက်လုပ် ထားသည့် ချစ်ကြည်ရေးတံတားနံပါတ်(၂)ဖွင့်လှစ်ရန် ရည်ရွယ်၍ နှစ်ဖက်အာဏာပိုင်များမှ ဖေဖော်ဝါရီလ ၂၂ ရက်နေ့တွင် အစည်းအဝေးခန်းမ၌ တွေ့ဆုံဆွေးနွေးခဲ့ပြီး ဧပြီလ ၃ ရက်မှ ၅ ရက်နေ့အထိ တံတားဖွင့်လှစ်ရန် သဘောတူညီခဲ့ကြသည်။

ထိုင်းအင်ဂျင်နီယာများသည် တံတားဆောက်လုပ်ရေးစီမံကိန်းကို ၂၀၁၅ သြဂုတ်လတွင် စတင်ခဲ့ကြပြီး တံတားသည် မြန်မာဘက်တွင် ၄ ကီလိုမီတာရှည်လျားပြီး ထိုင်းဘက်တွင် ၁၇ ကီလိုမီတာရှည်လျားသည်။ ကုန်ကျစရိတ်မှာ ထိုင်းဘတ် ၄ ဘီလီယံကျော် ရှိသည်။

ထိုင်း-မြန်မာချစ်ကြည်ရေးတံတားနံပါတ်(၂)စီမံကိန်းသည် နိုင်ငံတော်အဆင့်စီမံကိန်းဖြစ်သည်။ နိုင်ငံခြားသားအင်ဂျင်နီယာများမှ နိုင်ငံတကာအဆင့်အတန်းနှင့်အညီရေးဆွဲထားသည့် စီမံကိန်းဖြစ်သည်။

တံတားတည်ဆောက်ရာလမ်းသည် မြန်မာ၊ လာအို၊ ကမ္ဘောဒီးယားနှင့် ဗီယက်နမ် ကဲ့သို့ မဟာမဲခေါင်ဒေသကြီးနိုင်ငံများနှင့် ချိတ်ဆက်ထားသည့် မဟာဗျူဟာလမ်းမကြီးဖြစ်သည်။တံတားဆောက်လုပ်ရာတွင် ဖယ်ရှားခံရသည့် အိမ်များ၊ အဆောက်အဦးများနှင့် လယ်ယာမြေများအတွက် အစိုးရက လျော်ကြေးငွေပေးခဲ့သည်။

မြဝတီနယ်စပ်မြို့သို့ဝင်ရောက်ရန်နှင့် ဘားအံ၊ ရန်ကုန်၊ ပုသိမ်သို့ ဆက်လက်ခရီးသွားရန်အတွက် ထိုင်း-မြန်မာချစ်ကြည်ရေးတံတားနံပါတ်(၂)ပေါ်သို့ လူများ၊ ယာဉ်များနှင့် ကုန်ပစ္စည်းများအား ဖြတ်သန်းခွင့်ပြု မည်ဖြစ်သည်။