ဆောက်လုပ်ရေးကုမ္ပဏီများအား အစိုးရမှ လုပ်ငန်းလိုင်စင်ထုတ်ပေး

...

ဆောက်လုပ်ရေးကုမ္ပဏီများအား အစိုးရမှ လုပ်ငန်းလိုင်စင်ထုတ်ပေး

Myanmar Times, 11 Apr 2019

URL: https://www.mmtimes.com/news/govt-issues-developer-licenses-construction-companies-prospects-improve.html
ရန်ကုန်မြို့တွင် ဆောက်လုပ်မည့် စုပေါင်းပိုင်အဆောက်အအုံ(ကွန်ဒို )များအတွက် ပထမဆုံးအကြိမ် တည်ထောင်သူကိုလုပ်ငန်း လိုင်စင်များ ပေးအပ်ခဲ့သည်။

ရန်ကုန်မြို့၌ ကွန်ဒိုမီယံများ တည်ထောင်၍ ပြည်တွင်းကသူများသာမက ပြည်ပကသူများကိုပါ ရောင်းချနိုင်မည့် စုပေါင်းအ ဆောက်အဦးဆိုင်ရာလိုင်စင်ပေးအပ်ပွဲကို ဧပြီလ ၆ ရက်နေ့က ရန်ကုန်မြို့ Pan Pacific Hotel တွင် ပြုလုပ်ခဲ့ပြီး ရန်ကုန်တိုင်း ဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်း တက်ရောက်အမှာ စကားပြောကြားခဲ့သည်။

“ကျွန်တော်တို့ ဥပဒေ၊ နည်းဥပဒေတွေ ရှိနေပေမယ့် လက်တွေ့ကျင့်သုံးအကောင်အထည်ဖော် ဆောင်ရွက် နိုင်ဖို့အတွက် ဒီဆောင်ရွက်မယ့် လုပ်ငန်းရှင်တွေကို ဒါလုပ်ပိုင်ခွင့် အပ်နှင်းပေးဖို့ လိုအပ်ပါတယ်။ ဒါမှသာလျှင် စုပေါင်းပိုင် အိမ်ရာတွေ ကို တည်ထောင်ဆောင်ရွက်ကြတဲ့ အခါမှာ နည်းဥပဒေနဲ့ ပေးထားတဲ့ အခွင့် အလမ်း တွေကို ကျင့်သုံး ဆောင်ရွက်နိုင်ခွင့်ရှိမှာ ဖြစ်ပါတယ်။ အိမ်ရာတွေကို နိုင်ငံခြားသား တွေကို ရောင်းတာတွေ လုပ်ကိုင်မယ်ဆိုလည်း လိုင်စင်ကိုင်စွဲထားတဲ့သူတွေ အနေနဲ့ ဒီတည်ဆောက်ရေးလုပ်ငန်းတွေကို စတင် ဆောင်ရွက်တဲ့ အချိန်မှာကို အချိုးခွဲပြီးတော့ နိုင်ငံတကာနဲ့ ပူးပေါင်းဆောင်ရွက် နိုင်ခွင့် ရရှိမှာ ဖြစ်ပါတယ်” ဟု ၄င်းက ပြောသည်။

ကွန်ဒိုမီယံများ တည်ထောင်ပြီးပါက နိုင်ငံသားများကို ရောင်းချခွင့် ၆ဝ ရာခိုင်နှုန်း၊ နိုင်ငံခြားသားကို ရောင်းချခွင့် ၄ဝ ရာခိုင်နှုန်း ရရှိမည် ဖြစ်သည်။ နိုင်ငံတော်သမ္မတ ဦးသိန်းစိန်လက်ထက် ဇန်နဝါရီလ ၂၉ ရက်နေ့တွင် ပြည်ထောင်စုလွှတ်တော်က စုပေါင်းအဆောက်အအုံဆိုင်ရာဥပဒေ (ကွန်ဒို ဥပဒေ)ကို ပြဋ္ဌာန်းပေးခဲ့ပြီး ပြဋ္ဌာန်းလိုက်သော ကွန်ဒိုဥပဒေအရ ကွန်ဒိုနည်းဥပဒေရှိလာပါက ကွန်ဒိုတိုက်ခန်းပိုင် ဆိုင်သူသည် စာချုပ် စာတမ်း မှတ်ပုံတင်ပြီးပါက တရားဝင် ပိုင်ဆိုင်မှုရှိပြီး ရောင်းချခြင်း၊ ပေါင်နှံခြင်း၊ ဘဏ်များတွင်ပေါင်နှံခြင်း၊ နိုင်ငံခြားသားများအား တရားဝင်ရောင်းချခြင်းတို့ကို ပြုလုပ်နိုင်မည် ဖြစ်ကြောင်း သိရသည်။

“တကယ်တမ်းရှိနေတဲ့ ကွန်ဒိုလို့ ပြောတဲ့ အဆောက်အဦအားလုံးကလည်း ကွန်ဒိုမဟုတ်သေးပါဘူး။ အခု ကျွန်တော်တို့ လိုင်စင်ပေးလိုက်လို့ တည်ထောင်ခွင့် ပေးလိုက်ရင် ကွန်ဒိုအလုံးရေက ၁ဝဝ ပြည့်မှာ မဟုတ်ပါ ဘူး။ အဲဒီငှားရမ်းနေထိုင်တယ်ဆိုတာ တကယ်တမ်းပြောရရင် ကွန်ဒိုအစစ်မဟုတ်ပါဘူး။ ဒါတွေက BOT တွေပါ။ BOT ဆိုတာ ဥပဒေအရပြောရရင် လက်တစ်လုံးကြားလုပ်တာ။ သူက Operation လုပ်မှပဲ လုပ်ခွင့် ရတာ။ ရန်ကုန်ရဲ့ မြေဧကတစ်ရာရှိရင် တစ်ရာလုံးကို သူက အဆောက်အဦဆောက်မယ်။ ဆောက်ပြီးတော့ အဲ့ တစ်ရာလုံးကို Operation လုပ်ပြီးတော့ နှစ်ကာလတစ်ခုပြည့်ရင် နိုင်ငံတော်ကို ပြန်အပ်ရတယ်။ သူ့အနေနဲ့ မြေပိုင်ဆိုင်ခွင့်လည်း မရှိပါဘူး” ဟု မြန်မာနိုင်ငံဆောက်လုပ်ရေးဆိုင်ရာ လုပ်ငန်းရှင်များအသင်းချုပ် အထွေထွေအတွင်းရေးမှူးချုပ် ဦးမျိုးမြင့်က ပြောသည်။
စုပေါင်းပိုင် အဆောက်အအုံ(ကွန်ဒို )များတွင် နေထိုင်သူများအနေနှင့် မြေယာကိုပါ အချိုးကျပိုင်ဆိုင်ခွင့် ရှိနိုင်မည်ဖြစ်ကြောင်းလည်း သိရသည်။