ရန်ကုန်တိုင်းအတွင်း လယ်ယာမြေအမှုများနှင့်ပတ်သက်ပြီး အထူးအဖွဲ့ ဖွဲ့စည်းမည်

...

ရန်ကုန်တိုင်းအတွင်း လယ်ယာမြေအမှုများနှင့်ပတ်သက်ပြီး အထူးအဖွဲ့ ဖွဲ့စည်းမည်

Eleven Myanmar, 29 May 2019

URL: https://elevenmyanmar.com/news/ygn-govt-forms-investigation-team-to-solve-land-dispute
ရန်ကုန်တိုင်းအတွင်း လယ်ယာမြေအမှုများနှင့်ပတ်သက်ပြီး အထူးအဖွဲ့ ဖွဲ့စည်းဆောင်ရွက်ရန် ပြည် ထောင်စုဝန်ကြီးဌာနမှ ခွင့်ပြုချက်ရရှိပြီးဖြစ်ကြောင်း မေ ၂၂ ရက်တွင် ရန်ကုန်မြို့ ကုန်သည်များနှင့် စက်မှုလက်မှု အသင်းချုပ်ရုံး၌ ကျင်းပသည့် နိုင်ငံ တော်ဒုတိယ သမ္မတ(၁) ဦးမြင့်ဆွေနှင့်စီးပွားရေး လုပ်ငန်းရှင်များ ပုံမှန်တွေ့ဆုံပွဲတွင် ရန်ကုန်တိုင်း ဝန် ကြီးချုပ် ဦးဖြိုးမင်းသိန်းက ပြောဆိုသည်။

“မြေယာကဏ္ဍက အလွန်သိမ်မွေ့ပါတယ်။ ဥပဒေ လုပ်ထုံးလုပ်နည်းအပြင်ကို ပြည်ထောင်စုဝန်ကြီးဌာနနဲ့ ပြည်ထောင်စုအစိုးရရဲ့ လမ်းညွှန်မှုနဲ့ ဆောင်ရွက်ရမယ့်အခြေအနေမျိုးဖြစ်ပါတယ်။ ဒါကြောင့် ဒီမြေ တွေနဲ့ပတ်သက်ပြီး အထူးအဖွဲ့ ဖွဲ့စည်းဖို့ ဥပဒေအ ရ ဒါကို သက်ဆိုင်ရာ လယ်/စီက ဆုံးဖြတ်လို့ မရပါဘူး။ အထူးအဖွဲ့ဖွဲ့ ပြီးဆောင်ရွက်နိုင်ဖို့အတွက် ပြည်ထောင်စု ဝန်ကြီးဌာနကို သဘောထားတောင်းခံထား တာ ကျွန်တော်တို့တိုင်းအတွက်တော့ အထူးအဖွဲ့ ဖွဲ့စည်းခွင့်ရရှိပြီဖြစ်ပါတယ်။ ဆက်လက်ဆောင်ရွက် ရမယ့်လုပ်ငန်းတွေကို သက်ဆိုင်ရာ ပြည်ထောင်စုဝန်ကြီးဌာနနဲ့ ပြည်ထောင်စုအစိုးရရဲ့ လမ်းညွှန်မှု အောက်ကနေ ဆောင်ရွက် သွားရမှာဖြစ်ပါတယ်” ဟုဝန်ကြီးချုပ်ကပြောဆိုသည်။

လယ်မြေကို အခြားနည်းပြောင်းလဲသုံးစွဲခွင့်ရရှိပါက ဈေးနှုန်းများပါပြောင်းလဲလာနိုင်ကြောင်း၊ အဆိုပါ လယ်မြေများကို ငွေပေးပြီး အလွယ်တကူဖြင့် အခြားနည်းလမ်းပြောင်းလဲသုံးစွဲနိုင်ပါက ငွေကြေးအကုန် အကျခံကာ ထင်ရာပြုလုပ်လာနိုင်သည့်အတွက် ဥပ ဒေနှင့်အညီစနစ်တကျဆောင်ရွက်ရန်လိုအပ်ကြောင်း ၎င်းကဆက်လက် ပြောဆိုသည်။

“ ရန်ကုန်တိုင်းဟာ မြေနဲ့ပတ်သက်ရင် တော်တော်လေးကို စနစ်တကျကိုင်တွယ်ရမယ့် အခြေအနေဖြစ်ပါတယ်။ မြေသိမ်းယာသိမ်း ကိစ္စတွေကလည်း ကျွန်တော်တို့မှာ အမှုတွဲပေါင်း ဗဟိုကိုတင်ပြထားမှုနဲ့ ပြီးခဲ့တဲ့အစိုးရလက်ထက်က ကျန်ခဲ့တဲ့ အမှုတွဲတွေပါဆိုရင် စုစုပေါင်းအမှုတွဲ ၅၀၀၀ လောက်စစ်ဆေးနေပါတယ်။ အဲဒီအမှုတွဲ ၅၀၀၀ လောက်မှာ အမှုတွဲ ၁၀၀ ကျော်လောက်ပဲ ကျန်ပါ တော့တယ်။ ကျန်တာတွေအားလုံးစိစစ်ပြီး ဗဟိုကိုပေးပို့ဖို့ အားလုံးပြင်ဆင်နေပြီဖြစ်ပါတယ်” ဟု ဝန်ကြီးချုပ်ကပြောသည်။

ရန်ကုန်တိုင်းအတွင်း လယ်ယာမြေနှင့် ပတ်သက်ဆက်နွှယ်ပြီး ပေါ်ပေါက်နေသည့် အမှုပေါင်း ၁၈၀၀၀ ခန့်ရှိ ကြောင်း၊ ယင်းနှင့် ပတ်သက်ပြီး ပြည်ထောင်စုဝန်ကြီးဌာကိုလည်း သဘောထားတောင်းခံထားပြီး ဥပဒေအ တွင်း စနစ်တကျ ပြန်လည်သွင်းနိုင်ရေး ဆောင်ရွက်ရမည်ဖြစ်ကြောင်း၊ ၂၀၁၂ လယ်ယာမြေဥပဒေအရ လယ်ယာမြေကို အခြားနည်းသုံးစွဲပါက ဒဏ်ရိုက်သည့်အပြင် ယင်းမြေကို သိမ်းဆည်းကာ လယ်ယာမြေအဖြစ် ပြန်လည်အသုံးပြုရမည်ဖြစ်ပြီး လယ်ယာမြေကို အခြားနည်းပေးသုံး၍ မရကြောင်း ၎င်းကဆက်လက်ပြောဆိုသည်။